
The Excerpt of Comrade Myo Win, the Coordinator of Framework Agreement on NCA Implementation Working Group at Press Conference regarding current and upcoming peace process which was held on 11 June at NCA-S EAO Office, are as follows:
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအ၀ေးအတွက် ပြင်ဆင်တဲ့နေရာမှာ အရင်ညီလာခံနဲ့ မတူတာက အခုညီလာခံမှာ ပြည်ထောင်စုသဘောတူစာချုပ်ကို ဘယ်လို ပုံစံမျိုးချုပ်ဆိုချင်လဲဆိုတာကို ဆုံးဖြတ်ချက်ချမှတ်ပြီးတော့မှ အကောင်အထည် ဖော်နေတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ ဒုတိယပင်လုံ၊ တတိယပင်လုံမှာ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂) ကို ချုပ်ဆိုခဲ့တယ်။ အခုလာမယ့် စတုတ္ထအကြိမ် ပင်လုံညီလာခံမှာ အစိတ်အပိုင်း (၃) ကို ချုပ်ဆိုဖို့ ပြင်ဆင်နေတာ ဖြစ်တယ်။ ဘယ်လိုပုံ သဏ္ဍာန်မျိုး သဘောတူစာချုပ်အစိတ်အပိုင်း (၃) ကို ချုပ်ဆိုချင်သလဲဆိုတဲ့ဟာကို ပြီးခဲ့တဲ့ (၈) ကြိမ်မြောက် JICM (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအ၀ေး) အစည်းအ၀ေးဆုံးဖြတ်ချက် အရ ချမှတ်ပြီးတော့မှ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ချုပ်ဆိုနိုင်ဖို့ အတွက် ကျွန်တော်တို့ ပြင်ဆင်နေတာ ဖြစ်တယ်။ အနှစ်ချုပ်ပြောမယ်ဆိုရင်တော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာ အပိုင်း (၃) ပိုင်းနဲ့ ချုပ်ဆိုသွားဖို့ကို JICM မှာ သဘောတူထားတယ်။ အပိုင်း (၁) ကတော့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ဒါကိုလည်း နှစ်ဖက်အလုပ်အဖွဲ့အတွင်းမှာ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်း နေတယ်။ အပိုင်း (၂) ကတော့ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် အဆင့်အလိုက်လုပ်ငန်းစဥ်နဲ့ အဆင့်လိုက် အကောင် အထည် ဖော်မှုဆိုတဲ့ အပိုင်း (၂) ကို ချုပ်ဆိုနိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးနေတယ်။ အပိုင်း (၃) ကတော့ အခြေခံမူသဘောတူညီချက်ပေါ့။ အနာဂတ် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လို အခြေခံမူနဲ့ ပုံဖော်သွားမယ်ဆိုတဲ့ အနာဂတ် ဖက်ဒရယ် Vision လမ်းညွှန်မူများကို ချမှတ်နိုင်ဖို့။ ဒီအပိုင်း (၃) ပိုင်း၌ ချုပ်ဆိုသွားနိုင်ဖို့ကို ရည်ရွယ်ပြီးတော့ နှစ်ဖက်အလုပ် အဖွဲ့တွေ ညှိနှိုင်းဆွေးနွေးနေတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ၂၀၂၀ ရွေးကောက်ပွဲကို နို၀င်ဘာလမှာ ကျင်းပမယ်ဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထား ပြီးပြီ။ ဒီအခြေအနေအောက်မှာ ကျွန်တော်တို့လည်းပဲ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ဖို့ အတွက်ကို ပြင်ဆင်ဆောင်ရွက်နေတယ်။ ဒီနေရာမှာ အစိုးရဘက်က အဆိုပြုထားတာက ဇူလိုင်လအတွင်းမှာ ကျင်းပချင်တယ်ဆိုတာကို အစိုးရဘက်က အဆိုပြုထားတယ်။ အဲဒီ အစိုးရဘက် အဆိုပြုချက်အပေါ်မှာ အခြေခံပြီးတော့မှ NCA-S EAO ဘက်က ပြန်လည်အဆိုပြုဖို့ ပြင်ဆင်ထားတာက ဩဂုတ်လအတွင်းပေါ့။
အခုလာမယ့် နိုင်ငံရေးဆွေးနွေးပွဲက ကဏ္ဍကြီး ၅ ခု အပေါ်မှာ အခြေခံ ဆွေးနွေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မဟုတ်ဘူး။ ပြည်ထောင်စုသဘောတူစာချုပ်ပုံစံကို ချပြီးတော့မှ ဆွေးနွေးတာ။ အဲဒါဆိုတော့ အပိုင်း (၁) ရှိမယ်၊ အပိုင်း (၂) ရှိမယ်။ ပြီးရင် အခြေခံမူသဘောတူညီချက်ဆိုတာ ရှိမယ်။ အပိုင်း (၃) မှာ ချုပ်ဆိုမယ့် အခြေခံမူသဘောတူညီချက်သည် ကဏ္ဍ (၅) ခုလုံးမှာ အခြေခံတဲ့ သဘောတူညီချက်မဟုတ်ဘူး။ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲအတွက်ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်နဲ့အညီ ထူထောင်မယ်ဆိုတာကို သဘောတူပြီးပြီ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဟာ ဘယ်လို Vision နဲ့ မျိုးနဲ့သွားမှာလဲဆိုတာကို အဲလောက်ပဲ ချုပ်ဆိုမယ်။ လမ်းညွှန်မူလောက်ပဲ အခြေခံမူအဖြစ်နဲ့ ထုတ်မှာ။ လုံခြုံရေးကဏ္ဍအခြေခံမူ၊ စီးပွားရေးကဏ္ဍအခြေခံမူ၊ မြေယာကဏ္ဍအခြေခံမူ ဟာမျိုးနဲ့မဟုတ်ဘူး။ NCA အကောင်အထည်ဖော်မှုကို ဒီ့ထက်ကောင်းမွန်အောင် ဘယ်လိုမူနဲ့ ဆောင်ရွက်မယ် အဲဒါတွေကိုပဲ လာမယ့် ပြည်ထောင်စုသဘောတူစာချုပ်မှာ ချုပ်ဆိုဖို့အတွက် ပြင်ဆင်နေတာ ဖြစ်တယ်။
နိုင်ငံရေးဆွေးနွေးပွဲမှာ သဘောတူညီချက်ရဖို့ဆိုတာက ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အတွက် ဆိုရင်တော့ လူထုပါ၀င်မှု တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ပါ၀င်ဖို့ လိုပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အကန့်အသတ်နဲ့ကျင်းပရတဲ့ အနေအထားပေါ်မှာ မူတည်ပြီး ပါ၀င်မှုနည်းလာသမျှ ရလဒ်အပေါ်မှာ တရား၀င်မှု (Legitimacy) ထိခိုက်တာပဲ။ ဒါမျိုး ကျွန်တော်တို့ မဖြစ်စေချင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ တတ်နိုင်သမျှတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်ချင်တယ်။ ဒါပေမယ့် (Covid-19) ရောဂါအခြေအနေအရ မဖြစ်နိုင်အတွက်ကြောင့် ကျွန်တော်တို့ ဒါကို လက်ခံတယ်။ အစိုးရဘက်ကလည်း ဒီလိုမျိုး အမြင်မျိုးရှိတယ်။ ကျွန်တော်တို့လည်း ဒီလို အမြင်မျိုးရှိတယ်။ ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီရောဂါအခြေအနေအရ။ ဒါပေမယ့် တခြား Stakeholders တွေနဲ့ တွေ့ရမယ့်ကိစ္စတွေကတော့ တတ်နိုင်သမျှတော့ တွေ့ပြီးတော့ ရှင်းပြပါတယ်။ မနေ့ကဆို ကျွန်တော်တို့ ရုံးမှာ CSO ဖိုရမ်ရဲ့ ကော်မတီ နဲ့တွေ့တယ်။ ဖြစ်စဥ်တွေကို ရှင်းပြတယ်။ ပြီးရင် CSO ဖိုရမ် တစ်ခုလုံးနဲ့ Online အစည်းအ၀ေးလုပ်ဖို့ တောင်းဆိုထားတယ်။ ကျန်တဲ့ Stakeholders တွေနဲ့ တွေ့ဖို့အတွက်လည်း ကျွန်တော်တို့ NCA-S EAO တွေ ပြင်နေတယ်။ ဒါဆိုတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်ဘူးဆိုပေမယ့်လည်း သက်ဆိုင်ရာ လူမျိုးအလိုက် Stakeholders တွေနဲ့ တွေ့ရေးတော့ ကြိုးပမ်းပါမယ်။ ဆိုလိုတာကတော့ Online လုပ်လို့ရရင် Online နဲ့ တွေ့ဆုံမှုတွေ လုပ်ပါမယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံသဏ္ဍာန်ဆိုတာ လူချင်းတွေ့တာကိုး။ အခုလက်ရှိအခြေအနေအရတော့ အားလုံးသိတဲ့ အတိုင်း ကျွန်တော်တို့ နည်းပညာကို အသုံးပြုပြီး Online Meeting တွေ လုပ်နေတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အစား Stakeholders Meeting နည်းလမ်းနဲ့ သက်ဆိုင်ရာ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက်ကို ကျွန်တော်တို့ လက်ရှိအခြေအနေတွေကို တင်ပြညှိနှိုင်းတာတွေကိုတော့ လုပ်သွားဖို့ရှိပါတယ်။ ဒါက တစ်ပိုင်း။ နောက်တစ်ပိုင်းကတော့ ပါ၀င်မှုပေါ့။ ပါ၀င်မှုဆိုတာလည်း အခု နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကြိုတင်ညှိနှိုင်းပြီးမှ သွားတဲ့ ညီလာခံဖြစ်တယ်။ အခုက ပြည်ထောင်စုသဘောတူစာချုပ်ပုံသဏ္ဍာန်ကို အပိုင်း (၃) ပိုင်း၌ ချုပ်ဆိုမယ်ဆိုတာကို JICM က ဆုံးဖြတ်တယ်။ အဲ့အတိုင်း ကျွန်တော်တို့ ညှိနှိုင်းမယ်။ အဲဒါကို ရသမျှကို JICM မှာ သဘောတူချက်ချပြီးမှ ညီလာခံမှာ ချုပ်ဆိုမှာ ဖြစ်တယ်။ JICM ဆုံးဖြတ်ချက်အရ UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ)မှာ အတည်ပြုပြီးတော့မှ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ ညီလာခံကျင်းပတာကိုး။ ဒါပေမယ့် ဘာပဲပြောပြော နိုင်ငံရေးအရ Participation နည်းတဲ့အခါကျရင် တရား၀င်မှု (Legitimacy) ထိမှာစိုးတယ်။ ဒါပေမယ့် လက်ရှိ ရောဂါအခြေအနေအရ ကျွန်တော်တို့ လက်ခံတယ်။ ကိုယ်စားလှယ်တွေ လျှော့သင့်တယ်။ လျှော့ဖို့အတွက်လည်း ကျွန်တော်တို့ NCA-S EAO ဘက်က သဘောတူတယ်။
Comments
0 Comments 818 Views