ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရဲဘော်(ဦး)မျိုးဝင်းကို မေးမြန်းခဲ့သမျှ-

  • Topics:

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရဲဘော်(ဦး)မျိုးဝင်းကို မေးမြန်းခဲ့သမျှ-

  • Location:

    No. 6, Shwe Li Street, Kamayut Township, Yangon, Yangon

  • Category:

    Others

  • Start Date:

    April 24, 2018 03:00 PM

  • End Date:

    April 24, 2018 03:30 PM

  • Share:

Description

သင်္ကြန်အပြီး ခြေခင်းလက်ခင်း သာသာယာယာ။ အနည်းငယ် ပိုပူအိုက် လာတာက လွဲလို့ပေါ့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တွေနဲ့ မအားလပ်နိုင် ဖြစ်နေကြတဲ့ NCA-S EAO (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများ) ခေါင်းဆောင် တွေထဲက တစ်ဦးဖြစ်တဲ့ ရဲဘော် (ဦး) မျိုးဝင်း ကမာရွတ်၊ ရွှေလီလမ်းမှာရှိတဲ့ NCA-S EAO ရုံးကို ရောက်လာတာ တွေ့တာနဲ့ ကျွန်တော် သွားရောက် နှုတ်ဆက်ပြီး အများပြည်သူ သိချင်နေကြတဲ့ တတိယအကြိမ် ပြည်ထောင်စု ငြိ်မ်းချမ်းရေး ညီလာခံ ရွှေ့ဆိုင်းရတာတွေနဲ့ လက်ရှိ NCA-S EAO အ တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။
မင်္ဂလာပါ ဆရာဦးမျိုးဝင်း။ ဆရာ့ကိုတွေ့တွေ့ချင်း မေးချင်တာလေး တစ်ခုပေါ်လာလို့ခင်ဗျ။ အဲဒါက လာမဲ့ မေလဆန်းပိုင်းမှာ PPST (NCA-S EAO ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့) အစည်းအဝေးရှိတော့ အဲဒီ့အစည်းအဝေးမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးသွားကြဖို့ရှိလဲ ဆိုတာလေး သိချင်ပါတယ်ဗျ။
ဆရာဦးမျိုးဝင်းက “လာမဲ့ PPST အစည်းအဝေးမှာ ဆွေးနွေးရမဲ့ အဓိက အချက် (၃) ချက်ရှိတယ်ပေါ့။ ပထမတစ်ချက်ကတော့ လက်ရှိ တတိယအကြိမ်ပင်လုံ ညီလာခံကို ဘယ်အခြေခံလောက်မှာ ဘယ်ရက်လောက်မှာ ကျင်းပနိုင်မလဲဆိုတဲ့အစီအစဉ်လည်းပဲ ဆွေးနွေးရမယ်။ ပြီးတော့ အခုအလွတ်သဘောဆွေးနွေးထား တဲ့ အကြောင်းအရာ (၂) ခုရှိတော့ နိုင်ငံရေးကဏ္ဍအလွတ်သဘောဆွေးနွေးပွဲ၊ ပြီးတော့ လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ ဒီဆွေးနွေးပွဲတွေက နေရရှိလာတဲ့ အချက်တွေကို သက်ဆိုင်ရာလုပ်ငန်းကော်မတီတွေနဲ့ PPST ကို တင်ပြရမှာပေါ့။ PPSTကို တင်ပြပြီး အဲဒီတင်ပြထားမှုအပေါ်မှာ PPST က မူပိုင်းဆိုင်ရာကိစ္စတွေကို ဆုံးဖြတ်ချက်ချမှတ်ပေးရတယ်။ အဲဒါ လာမဲ့ PPST အစည်းအဝေးမှာ ဆွေးနွေးရမဲ့ အဓိက Issue တွေပေါ့။ ပြီးရင် လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့အစည်းတွေရဲ့ Joint လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုပေါ့။ National Dialogue နဲ့ Public Consultation တွေ နဲ့ ပတ်သက်ပြီး ပြန််လည်သုံး သပ်မှုတွေပေါ့။ အဓိက အဲဒီ အချက်တွေကို ဆွေးနွေးသွားဖို့ရှိပါတယ်။”
ဟုတ်ကဲ့ဆရာ။ PPST မှာ ဆွေးနွေးမဲ့အကြောင်းအရာတွေကို သိရတဲ့အတွက် ကျေးဇူူးပါခင်ဗျ။ နောက်တစ်ခုက တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပဖို့နှောင့်နှေးနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးလည်း အများပြည်သူကြားမှာ သိချင်နေကြတာရှိတယ်ခင်ဗျ။ အဲဒီ့အပေါ်မှာ ဆရာဘယ်လို ရှင်းပြချင်လဲပေါ့။
"နှောင့်နှေးတဲ့ဆိုတဲ့ အကြောင်းရင်းတွေက အများကြီးပဲ။ ဆိုလိုတာက မူလသဘောတူထားတဲ့အတိုင်း NCA စာချုပ်ရှိတယ်။ အဲဒီ NCA စာချုပ်ပေါ်အခြေခံပြီး နိုင်ငံရေးမူဘောင်ဆိုတာရှိတယ်။ အဲဒီနိုင်ငံရေးမူဘောင်ပေါ်အခြေခံပြီးတော့မှှ TOR ဆိုတာရှိတယ်။ အဓိကကတော့ နို်င်ငံရေးဆွေးနွေးပွဲတွေရဲ့ အခြေခံက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်တယ်။ အဲဒီအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမှုကိစ္စမှာ တပ်မတော်နဲ့ EAO တွေကြားမှာ အမြင်မ တူမှုတွေ ရှိနေတယ်။ အဲဒီအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို မကျင်းပနိုင်တော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက တင်ပြလာမဲ့ အခြေခံ မူတွေက မရှိသေးတော့ အကျိုးဆက်က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ရဲ့လုပ်ငန်းကော်မတီကို မကျင်းပနိုင်တော့တာပေါ့။ ဆွေးနွေးညှိနှိုင်းပြီးရလာတဲ့ ကျင်းပပြီးရရှိလာတဲ့မူတွေကို UPDJC ကနေ စုစည်းပြီး ညီလာခံတင်ပြရတာ။ ဆိုတော့ အဲဒီ့အစီအစဉ်တွေက မဖြစ်ခဲ့တော့ ညီလာ ခံ မကျင်းပနိုင်သေးတာပေါ့။ EAO ကနေပြီးတော့ အချိန်ဆွဲနေတာမဟုတ်ဘူး။ EAO တွေ တောင်းဆိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ နှောင့်နှေးအောင် ဘယ်တော့မှ အချိန်မဆွဲဘူး။ EAO တောင်းဆိုတာ နိုင်ငံရေးဆွေးနွေးပွဲပဲ။ အခြေခံမူတွေရအောင်ရအောင် ရည်မျှော်ကြိုးပမ်းသွားမှာပဲ။ ဘာလို့လဲဆိုတော့ ၂၀၀၈ အခြေခံ ဥပဒေပြင်နိုင်ဖို့အတွက်၊ လက်ရှိနိုင်ငံရေးပြဿနာပြေလည်နိုင်ဖို့အတွက်ဆိုတာက အခြေခံမူတွေ၊ ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအဓိက ဖြစ်တာ ကိုး။ အဲတာတွေအတွက် EAO တွေ ကြိုးပမ်းနေတာ။ အဲဒီကြိုပမ်းမှုကလည်းပဲ သဘောတူထားတဲ့အတိုင်းဖြစ်ဖို့လိုတယ်။

တဖက်မှာ ပြန်ကြည့်ပြန်ရင် ဒီနေရာ မှာ အားလုံးက သိသင့်တာတစ်ခုက  ဗမာပြည်မှာ ဒီလို နိုင်ငံရေးဆွေးနွေးပွဲပုံသဏ္ဍာန်က ဒီတိုင်းပြည်မှာ တခါမှ မကြုံဖူးသေးဘူး။ ဗမာပြည်မှာ နိုင်ငံရေး ပြဿနာကို အဖြေရှာဖို့ဆိုတာ ဗမာပြည်မှာ ပဋိပက္ခတွေတော်တော်လေးကို ကျယ်ပြန့်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ဖြေရှင်းရမဲ့ နိုင်ငံရေးပြဿနာတွေအများကြီးပဲ။ ဒီဲပြဿနာအများကြီးကို ကိုင်တွယ်ဖြေရှင်းဖို့ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်ဖို့ဆိုတာဟာလညး် စိန်ခေါ် မှုတစ်ခုပဲ။ပထမပင်လုံမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တင်ပြတာပဲရှိတယ်။ ဒုတိယပင်လုံမှာမှ နိုင်ငံရေးဆွေးနွေးပွဲတွေ စတာ။ အဲဒီ ဒုတိယပင်လုံ နိုင်ငံရေး ဆွေးနွေးပွဲတွေပေါ်မူတည်ပြီး တွေ့ရှိတဲ့ အားသာချက်၊ အားနည်းချက်တွေ မူတည်ပြီး ပြန်ပြင်ရတာတွေရှိတယ်။ နိုင်ငံရေးမူဘောင်တွေ ပြန်ပြင်ရတယ်။ ဒါပေမဲ့ ဘယ်လိုပဲအကောင်းဆုံးဖြစ်အောင် ပြင်ထားပြင်ထား လက်တွေ့အခက် အခဲတွေရှိတယ်။ လာမဲ့ကာလမှာလည်း အမြဲတမ်းပြန်လည်သုံးသပ်နေဖို့လိုတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘယ်လိုအကောင်းဆုံးဖြစ်အောင် ကျင်းပနိုင်မလဲ ဆိုတာတွေအတွက်။ အဓိက ပုံသဏ္ဍာန်လည်းမှန်ရမယ်။ ရလဒ်ကောင်းနေပြီး နည်းလမ်းမှားနေတာဆိုလည်း မဖြစ်ဘူး။ နည်းလမ်းကတော့ အရမ်းကောင်း ပြီးတော့ ရလဒ်မထွက်ဘူးဆိုရင်လည်း မဟုတ်သေးဘူး။ ဒီလိုအခြေအနေတွေနဲ့ကိုက်ညီတဲ့ နိုင်ငံရေးဆွေးနွေးမှုပုံသဏ္ဍာန်ကိုလည်း သေချာသုံးသပ်ရတာတွေ ရှိတယ်။ ဒါ့ကြောင့် ကြာနေတဲ့ကိစ္စဖြစ်တယ်လို့ ပြောချင်တယ်။ EAO ကြောင့်မဟုတ်ဘူးလို့ ပြောချင်တယ်။”
အခုလို မအားလပ်တဲ့ကြားက မေးခွန်းတွေ ဖြေကြားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆရာအခုလိုရှင်းပြတဲ့အတွက် အများပြည်သူလည်း ဘာပဲပြောပြော တတိယအကြိမ်ပြည်ထောင်စုညီလာခံ နှောင့်နှေးရတဲ့အကြောင်းအရင်းတွေကို တစုံတရာ အမြင်ရှင်းသွားလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။