-
Topics:
19th Union Level Joint Monitoring Committee Meeting held in Nay Pyi Taw this morning
-
Location:
Horizon Lake View Hotel, Nay Pyi Taw, Nay Pyi Taw
-
Category:
CMU/ JMC
-
Start Date:
July 7, 2020 09:00 AM
-
End Date:
July 8, 2020 04:00 PM
-
Share:

Description
19th Union Level Joint Monitoring Committee (JMC-U) Meeting has been held in Horizon Lake View Hotel, Nay Pyi Taw since this morning. Major General Saw Isaac Pho, the Vice Chairman (1) of JMC-U, delivered the Opening Speech which is expressed below:
(၁၉) ကြိမ်မြောက် JMC-U အစည်းအဝေးတွင် ပြောကြားသည့်
ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး၏ အဖွင့်မိန့်ခွန်း
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့
Horizon Lake View Hotel(နေပြည်တော်)
(၁၉) ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအစည်းအဝေးသို့ တက်ရောက်လာ ကြသော JMC-U ခေါင်းဆောင်ကြီးများအားလုံးနှင့်တကွ၊ နည်းပညာအထောက်အကူပြုများ၊ အလုပ်အဖွဲ့ဝင်များအားလုံးကို ရှေးဦးစွာ မင်္ဂလာပါလို့ နှုတ် ခွန်းဆက်သပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုပြီးသည့်နောက် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ် များနှင့်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်မျဉ်းစည်းကမ်းများအား ထိန်းသိမ်းလိုက်နာခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများအားဖြေရှင်းရာတွင် ဘက်လိုက်မှုကင်းပြီး၊ ပွင့်လင်းမြင်သာမှု အခြေခံဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် ရည်ရွယ် ချက် ဖြင့်၊ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။
(NCA) ကိုလက်မှတ်ရေးထိုးထားသူများသည် (JMC) အားဖွဲ့စည်း ထူထောင်နိုင်ခဲ့သော်လည်း၊ ရည်ရွယ်ချက် များကို အကောင်အထည်ဖော်ခြင်း ဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ယုံကြည်မှုများတိုးတက်များ ပြားလာမည်ဟု မျှော်လင့်ထားသော်လည်း၊ ယင်းမျှော်လင့်ချက်များ လက်တွေ့ ဖြစ် မလာသေးပါ။ ယင်းအစား (NCA) စာချုပ်ကို လက်မှတ် ရေးထိုးထားသည့် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းမှာ အထူးစိုး ရိမ်ရ မည့်အခြေအနေမဟုတ်သော်လည်း (JMC) ၏တာဝန်ရှိသည့် လုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ခြင်း မရှိခြင်းကို၊ အထူးအလေးထား သတိချပ်ရပါ မည်။
ဤကဲ့သို့ တိုက်ပွဲများဖြစ်ပေါ်လာရခြင်းအကြောင်းအား မိမိတို့အဖွဲ့ တွင်း ပြန်လည်သုံးသပ်ကြည့်သည်မှာ၊ (JMC)၏ ဖွဲ့စည်းပုံအရ ပူးတွဲမှု ဆိုသည့် ပုံစံထက်၊ ပူးပေါင်းမှုပုံစံဖြစ်နေခြင်းနှင့် NCA ၏ အခန်း (၃)၊ အပိုဒ် (၃)ပါ လက်မှတ်ရေးထိုးသည့်နေ့မှစ၍၊ (၁၄) ရက်အတွင်း တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများမှ၊ တာဝန်ရှိသူများ တွေ့ဆုံ ညှိနှိုင်းကာ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို တိကျသော အချိန်ဇယား သတ် မှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ မပြုလုပ် နိုင်ခဲ့ခြင်းကြောင့်၊ နှစ်ဖက်တပ်များကြားတွင် ဦးစားပေးတွေ့ဆုံညှိနှိုင်း သဘောတူရမည့် ကဏ္ဍ ပျောက်ကွယ်နေခြင်းကြောင့်၊ (JMC) လုပ်ငန်းများ မြေပြင်ပေါ်တွင် လက်တွေ့အကောင်အထည်ဖော်ဆောင်သည့်နေရာတွင် နှစ်ဘက်တပ်များ ထိပ်တိုက် ပဋိပက္ခများမဖြစ်စေရန်၊ စောင့်ကြည့်ရမည့် အခင်းအကျင်းမရှိသလို NCA အခန်း (၆)ပါ ကြားကာလအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ ရှုပ် ထွေးပါဝင် လာခြင်းကြောင့်၊ တစ်ဖက်နှင့်တစ်ဖက် အပေါ်တွင် ပြစ်တင်ဝေဖန်ကန့်ကွက်မှုများသာ ဖြစ်ပေါ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာ (NCA) အကောင်အ ထည်ဖော်မှုဆိုင်ရာ နိုင်ငံရေးဆွေးနွေး ပွဲများတွင်လည်း ညှိနှိုင်းရာတွင် တစ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းကြောင့် KNU အဖွဲ့အစည်းနှင့် RCSS အဖွဲ့အစည်းအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ခေတ္တရပ်ဆိုင်းသည့်နည်းတူ၊ (JMC) ဆွေးနွေးပွဲ များကိုလည်း ခေတ္တရပ်ဆိုင်း ခဲ့ပါတယ်။
ထို့နောက် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အလုပ်အဖွဲ့များကြား၊ နိုင်ငံရေးဆွေးနွေးပွဲများကို ပြန်လည်ကျင်းပနိုင်ရန် တွေ့ဆုံညှိနှိုင်းပွဲများအား၊ အလွတ်သဘောတွေ့ဆုံခြင်း၊ တရားဝင်တွေ့ဆုံခြင်းများ အကြိမ် ကြိမ် ပြုလုပ် ညှိနှိုင်းခဲ့ပါတယ်။ ထိုကာလအတွင်းတွင် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေ ဖြင့်၊ မိမိတို့၏တစ်ဖွဲ့ချင်းစီအတွင်းတွင်သော်လည်းကောင်း၊ အဖွဲ့များကြားတွင်သော်လည်းကောင်း၊ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးပိုမိုခိုင်မာလာရန်နှင့်၊ ထိရောက်သော စောင့်ကြည့်ရေးစနစ် ပေါ်ပေါက်လာ စေရန်အတွက်၊ ပြန်လည်ဆန်းစစ်ခြင်း၊ နည်းလမ်းရှာဖွေ ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ မိမိအဖွဲ့၏ ဆုံးဖြတ်ချက်အရ၊ ထိရောက်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်ရေးကော်မတီ၏ လုပ်ပိုင်ခွင့်မှာ၊ စောင့်ကြည့်ခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် အငြင်းပွားမှုများအား ဖြေရှင်းရန် အတွက်၊ ဖြေရှင်းခြင်းလုပ်ငန်းများ ဆင့်ကဲဖော်ထုတ်ပြီး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိတ်ချ ရခြင်း၊ တစ်ဦးနှင့်တစ်ဦး အဖွဲ့အစည်းများအကြား၊ ယုံကြည်မှုများ တိုးပွား ဖြစ်ပေါ်အောင်လုပ် ဆောင်ခြင်းသည်၊ မိမိတို့တိုင်းပြည်ငြိမ်းချမ်းရေး အောင်မြင်မှု ရရှိရန် အဓိက အချက် တစ်ချက် ဖြစ်ပါတယ်။
ဆင့်ကဲဖော်ထုတ်ခြင်းဖြင့် (၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များတွင်၊ “NCA အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စ ရပ်များ၊ NCA အခန်း (၄) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် လုပ် ဆောင်ခြင်းနှင့် NCA အခန်း (၆) ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များနှင့်ပတ်သက်၍၊ (NCA)ပါ သဘောတူညီချက်များအရ နှစ်ဖက် ညှိနှိုင်းဆွေးနွေးရမည့်အချက်များကို သက်ဆိုင်သည့် (NCA-S EAO) အဖွဲ့များ အနေဖြင့်၊ အစိုးရနှင့်သော်လည်းကောင်း၊ တပ်မတော်နှင့် သော်လည်းကောင်း၊ အစိုးရနှင့်တပ်မတော် ပူးပေါင်း၍ သော်လည်းကောင်း ဦးစားပေးလုပ်ငန်းစဉ် များ ချမှတ်၍၊ ဆွေးနွေးအကောင်အထည်ဖော်သွားရန် သဘောတူသည့် ဆုံးဖြတ်ချက်များကို ပြုလုပ်နိုင်ခဲ့ပြီး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာရေးဆိုင်ရာ ဆွေး နွေးမည့် အကြောင်း အရာများနှင့်၊ ဆွေးနွေးမှုပုံစံ သဘောတူညီချက်များ ရရှိခဲ့ခြင်းကြောင့်၊ (JMC) အစည်းအဝေးအား ပြန်လည်တက်ရောက်ခြင်း ဖြစ်ပါ တယ်။
ထို့ကြောင့် အဦးဆုံးအနေဖြင့် နှစ်ဘက်တပ်တွေ့ဆုံသည့်ယန္တရားက တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုရှောင်ရှားနိုင်ရေး တပ်နေရာ ချထားခြင်း ကိစ္စရပ်များလုပ်ဆောင်နိုင်ရန်၊ သဘောတူညီမှု ရလဒ်များ ရရှိရန် လုပ်ကိုင်ရပါမည်။ ယင်းရလဒ်ကိုစောင့်ကြည့်ရန် ဒေသနဲ့ကိုက်ညီသည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက်၊ ပစ်ခတ်တိုက်ခတ်မှုများသည် အောက်ခြေဒေသများအတွင်းသာ ဖြစ်ပေါ်လေ့ရှိ ခြင်းကြောင့် ပိုမိုထိရောက်သည့် စောင့်ကြည့်လေ့လာမှုအား ပြည်နယ်အဆင့်တွင်ရရှိခြင်းသည် အဓိကမဏ္ဍိုင်ဖြစ်ခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးကော်မတီများတွင်၊ ပဋိပက္ခဒဏ်ခံစားရသော နယ်မြေခံလူထုများကိုယ်တိုင် ပါဝင်လာနိုင်ရေးသည် အရေးကြီးပါတယ်။ ထို့အပြင် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ စိစစ်မှုလုပ်ဆောင်ရာတွင် လွတ်လပ်၍ ဘက်မလိုက်သည့်အဖွဲ့က တာဝန်ယူရ မည်ဟု သိမြင်ထားပါတယ်။ သို့သော် (JMC) တွင် မိမိတို့ ပြည်တွင်း ပဋိပက္ခအတွင်းသို့ ပြင်ပလူများ ထည့်သွင်းရန် မလိုလားမှုများ ရှိနေခဲ့ပါတယ်။ ထို့ကြောင့် မြေပြင်တွင် အမှန်ဖြစ်ပွား ပေါ်ပေါက်ခြင်းဆိုင်ရာများတွင်၊ လွတ်လပ် သည့်အမြင်ကို မည်ကဲ့သို့ ရယူနိုင်မည်နည်း ဆိုသည့်အချက်သည်၊ အထူးထည့်သွင်း စဉ်းစားစရာ ဖြစ်ပါတယ်။
နှစ်ပေါင်း (၇၀) ဖြစ်ပွားလာခဲ့သည့် ပဋိပက္ခများကြောင့် နှစ်ဖက်ကြားယုံကြည်မှုနည်းပါးခြင်းနှင့် ညှိနှိုင်းရာမှ ထပ်ဆင့်ဖြစ်ပေါ်လာသည့် မပြေလည် မှုများကြောင့်၊ ပြဿနာများကို ဖြေရှင်းရာတွင် အချိန်အနည်းငယ် အတွင်း ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ဆွေးနွေးသည့်အခါတွင် အခက်အခဲများ၊ နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ် နိုင်ပါတယ်။ ပြဿနာများကိုသာ အဖန်တလဲလဲ ဖေါ်ထုတ်အငြင်းပွားပြောဆိုမည့်အစား Solution Orientated ဆိုတဲ့ (ပြဿနာများ ဖြေရှင်းရန် ဇောင်းပေးအလေးထား အဖြေရှာခြင်း) နည်းဖြင့်၊ (NCA)ပါ သဘောတူညီချက်များအား အသိအမှတ်ပြုမှု၊ လေးစားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆွေးနွေးသွားကြပါရန်နှင့် ပုဂ္ဂိုလ်ရေးအရ သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအပေါ်တွင် သော်လည်းကောင်း၊ ပြစ်တင်ဝေဖန် မှုများ ပြုလုပ်မည့်အစား၊ တွေ့ကြုံရသည့် အကြောင်းရင်းခံ အချက်အလက်များနှင့် အခက်အခဲများကိုရှာဖွေ၍၊ စိတ်ရင်းစိတ်စေတနာမှန်ဖြင့် ညှိနှိုင်းဖြေရှင်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။