18th Union Peace Dialogue Joint Committee Meeting was held in NRPC, Nay Pyi Taw Yesterday

  • Topics:

    18th Union Peace Dialogue Joint Committee Meeting was held in NRPC, Nay Pyi Taw Yesterday

  • Location:

    NRPC, Nay Pyi Taw, Nay Pyi Taw

  • Category:

    UPDJC

  • Start Date:

    March 12, 2020 10:00 AM

  • End Date:

    March 12, 2020 11:30 AM

  • Share:

Description

18th Union Peace Dialogue Joint Committee Meeting was held in National Reconciliation and Peace Center, Nay Pyi Taw yesterday.

Firstly, Daw Aung San Suu Kyi, the Chairperson of UPDJC and the State Counsellor of the Republic of the Union of Myanmar delivered the Opening Remark at the meeting. And then Dr. Salai Lian Hmung Sakhong, the Vice Chairperson of UPDJC, the representative of NCA-S EAO (Nationwide Ceasefire Agreement, Signatory, Ethnic Armed Organizations) and U Thu Wai, another Chairperson of UPDJC, the representative of the relevant political parties, delivered the opening remarks respectively.

The Opening Remark of Dr. Salai Lian Hmung Sakhong, the Vice Chairperson of UPDJC, is as follows:

Credit_CDES


✥၁၈ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ - UPDJC အစည်းအဝေးတွင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ပြောကြားသည့် အမှာစကား✥


✥၁၂၊မတ်၊၂၀၂၀/နေပြည်တော်
■--------------------------■

လေးစားအပ်ပါသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ (UPDJC) ဒုတိယ ဥက္ကဋ္ဌကြီးများ၊ အတွင်းရေးမှူးအဖွဲ့ ဝင်များ နှင့် ကော်မတီဝင်များခင်ဗျား။
အခုလို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ (၁၈) ကြိမ်မြောက် အစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အစုအဖွဲ့ကိုယ်စား အမှာစကား ပြောကြား ခွင့် ရရှိတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။ အားလုံးကိုလည်း မင်္ဂလာ ပါလို့ နှုတ်ခွန်း ဆက်သလိုပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူူးတွဲကော်မတီ (UPDJC) ဟာ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ဦးဆောင် လမ်းညွှန် ကြီးကြပ်ပြီး တာဝန်ခံတဲ့ ကော်မတီဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ အလွန်အရေးကြီးတဲ့ ကော်မတီ တရပ်ဖြစ်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဦးဆောင်လမ်းညွှန် ကြီးကြပ်ပြီး ကျင်းပပေးနေရတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ရဲ့ ဦးတည်ချက်ကို NCA စာချုပ်ရဲ့ အခြေခံမူ များမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားပြီးသားဖြစ်ပါတယ်။ အဲဒီဦးတည်ချက်များအနက် အဓိကဦးတည်ချက် (၂) ရပ်ကို ကျနော်ဖော်ပြလိုပါတယ်။ ဒါကို NCA စာချုပ်ရဲ့ အခြေခံမူ (၁) (က) မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ ထူထောင်ရမယ်လို့ ပါပါတယ်။ NCA စာချုပ်ရဲ့အခြေခံမူ (၁) (ခ) မှာ မြန်မာနိုင်ငံမှာ သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေးပြဿနာများကို စစ်ရေးဖြင့် ဖြေ ရှင်းခြင်း မပြုဘဲ နိုင်ငံရေးနည်းနှင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှု အသစ်တရပ် ပေါ်ထွက်ရေး၊ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးပဲ ဖြစ်ပါတယ်။ ဒီအခြေခံမူရဲ့ အဓိကဆိုလိုရင်းကတော့ နှစ်ပေါင်း (၇၀) ကျော်ကြာပြီးဖြစ်တဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးပဲ ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ် (၂) ရပ်ကို အပြည့်အဝဖော်ဆောင်နိုင်ဖို့အတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံမူများ ကို ဖော်ထုတ်ပြီး ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ချုပ်ဆိုရမှာဖြစ်ပါတယ်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး အတွက် ပြန်ပြောရရင် နံပါတ် (၁) ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး၊ နံပါတ် (၂) ပြည်တွင်းစစ် ချုပ်ငြိမ်းရေးတို့ပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် (၂) ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည် ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံမူများကို ဖော်ထုတ်ပြီး ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ချုပ်ဆိုရမှာဖြစ်ပါတယ်။ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး အတွက် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စကို ကျနော်တို့ မရမက ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါဟာ ဆောင်ရွက်လို့မရတဲ့ UPDJC ရဲ့အဓိကလုပ်ငန်းတာဝန်ပဲဖြစ်ပါတယ်။ လုပ်ငန်းတာဝန်တွေကို ကျနော်တို့ ဆောင်ရွက်တဲ့အခါမှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရမှာဖြစ်ပါတယ်။ နိုင်ငံရေးအရ အခက်အခဲ မျိုးစုံရှိသလို၊ နည်းပညာ လုပ်နည်းလုပ်ဟန်အရလည်း အခက်အခဲများစွာ ရှိနိုင်ပါတယ်။
ဒီနေရာမှာ ကျနော်တို့တွေ့ကြုံခဲ့တဲ့ အခက်အခဲတွေကို ကျနော် ဥပမာအနေနဲ့ တင်ပြမှာဖြစ်ပါတယ်။
၂၀၁၇၊ မေလမှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ ကျနော်တို့ ပြန်သုံးသပ်ရင် ကျနော်တို့ဆောင်ရွက်ခဲ့တဲ့ပုံစံက Bottom-up လို့ ခေါ်တဲ့ အောက်ခြေကတက်လာတဲ့ အဆိုပြုလွှာတွေကို စတင်ဆွေးနွေးတဲ့နည်းလမ်း ဖြစ်ခဲ့ပါတယ်။ ဒီလိုအောက်ခြေက တက်လာတဲ့အဆိုပြုလွှာများထဲမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများက တက်လာတဲ့ အဆိုပြုလွှာများရှိသလို၊ အစုအဖွဲ့အလိုက် တင်ပြတဲ့အဆိုများလည်း ရှိပါတယ်။ ဒါကြောင့် တချို့ကဏ္ဍမှာ၊ အထူးသဖြင့် ကျနော် ပါဝင်ပတ်သက်ခဲ့တဲ့ နိုင်ငံရေးကဏ္ဍမှာ အောက်ခြေက တက်လာတဲ့ အဆိုပြုလွှာအားလုံးကို ကျနော်တို့ UPDJC က ကိုင်တွယ်ဖြေရှင်းလို့ မကုန်နိုင်အောင် များပြားခဲ့ပါတယ်။ ဒီလိုပြောလိုက်တဲ့အတွက် ကျနော်တို့လုပ်ပုံလုပ်နည်း မှားတယ်၊ မှန်တယ်ဆိုပြီး ဝေဖန်နေတာ မဟုတ်ပါဘူး။ နည်းပညာနေနဲ့ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ဥပမာအနေနဲ့ တင်ပြခြင်းပဲဖြစ်ပါတယ်။ ဒီလိုပဲ ၂၀၁၈၊ ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးမှာ လည်းပဲ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျနော်တို့အနေနဲ့ အများဆုံးကျင်းပနိုင်ခဲ့သော် လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ကဏ္ဍအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့အလိုက်သော် လည်းကောင်း ဆွေးနွေးတဲ့အခါမှာ အခုကဏ္ဍမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်မှာ ပါတဲ့ ခေါင်းစဉ် တွေကို မဆွေးနွေးနိုင်ခဲ့ဘူး။ တချို့ကဏ္ဍကျပြန်တော့လည်း ကဏ္ဍအလိုက် လုပ်ငန်းကော်မတီမှာ ဆွေးနွေး လိုက်ပြီးဖြစ်တဲ့ကိစ္စရပ်များအပြင် ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်များရဲ့ အမြင်သစ် အဆိုပြု လွှာသစ်များကို ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးတဲ့အခါကျတော့ ကျနော်တို့ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက လူထုဟစ်တိုင်လိုလို၊ လူထုဖိုရမ်လိုလို ဖြစ်သွားခဲ့တာ သတိထားမိကြ မှာဖြစ်ပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာ တော်တော်များပြားတယ်ဆိုပေမဲ့ ပြည်ထောင်စုသဘောတူစာ ချုပ်အဖြစ် အချက် (၁၄) ချက်သာ လက်မှတ်ရေးထိုးနိုင်ခဲ့တာကိုလည်း သတိထားမိကြမှာဖြစ်ပါတယ်။ ဒါ ကြောင့် ကျနော်တို့ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံကို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာယူကြည့်မယ်ဆိုရင် UPDJC ဟာ ဒီတိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြဿနာအားလုံးကို ကိုင်တွယ်ဖြေရှင်းတဲ့ အစိုးရမဟုတ်ဘူးဆိုတာကို ကျနော်တို့ သတိထားဖို့ လိုပါတယ်။ UPDJC က ဦးဆောင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံဟာလည်း ဒီတိုင်းပြည်က လိုအပ်တဲ့ ဥပဒေအားလုံးကို ပြဋ္ဌာန်းပေးတဲ့လွှတ်တော်မဟုတ်ဘူးလည်း ကျနော်တို့ သတိထားဖို့ လိုပါတယ်။ UPDJC ကဦးဆောင်ကျင်းပပေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ဟာလည်း လူထုဆန္ဒ မှန်သမျှကို ဖော်ထုတ် ဆွေးနွေးရမယ့် လူထုဟစ်တိုင် ဒါမှမဟုတ် လူထုဖိုရမ်မဟုတ်ဘူး ဆိုတာလည်း ကျနော်တို့ သတိ ထားဖို့ လိုပါတယ်။ UPDJC ဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ကော်မတီတရပ်သာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ကျနော်တို့ UPDJC အနေနဲ့ မိမိတို့ကို ပေးအပ်ထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဘောင် အတွင်း မိမိတို့ဆောင်ရွက်ရမယ့် အဓိကတာဝန်နဲ့ ဝတ္တရားတွေကို ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ ကျနော် တင်ပြချင်ပါတယ်။
ကျနော်တို့ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးဟာ တစ်ဆို့မှု အခက်အခဲအမျိုးမျိုးနဲ့ ကြုံတွေ့ ရပါတယ်။ ဒီလိုတစ်ဆို့မှုများကို ကျော်လွှားနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ ကြိုးစားခဲ့ပါတယ်။ နိုင်ငံရေးတစ်ဆို့မှုများကို ကျော်လွှားနိုင်ဖို့အတွက် ၂၀၁၉၊ အောက်တိုဘာလမှာ 10+10 လို့ခေါ်တဲ့ ထိပ်သီး အစည်းအဝေးကိုလည်း ခေါ်ယူကျင်းပခဲ့ပါတယ်။ JICM အစည်းအဝေးများကိုလည်း ကျနော်တို့ ကျင်းပခဲ့ပါ တယ်။ ပြီးခဲ့တဲ့ ၂၀၂၀၊ ဇန်နဝါရီလ (၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ JICM အစည်းအဝေးမှာ နိုင်ငံရေး တစ်ဆို့မှု အတော်များများကို ဖယ်ရှားပေးနိုင်ခဲ့တဲ့အတွက် JICM ကို အထူးကျေးဇူးတင်တယ်လို့ ကျနော်တင်ပြ လိုပါတယ်။ အဲဒီ့ (၈) ကြိမ်မြောက် JICM အစည်းအဝေးမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက် (၈) ရပ်ကို ခိုင်မာစွာ ချပေးနိုင်တဲ့အပြင် ကျနော်တို့ အခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပုံစံကိုလည်း အတော်အသင့် ပြုပြင်နိုင်ခဲ့ပါတယ်။ ယခင် Bottom-up လို့ခေါ်တဲ့ အောက်ခြေကတက်လာတဲ့ အဆိုပြုလွှာများကို ဆွေးနွေးခြင်းပုံစံမှ ထိပ်သီးခေါင်းဆောင်များက လိုအပ်တဲ့ပေါ်လစီနဲ့ လမ်းညွှန်မှုများကို ချမှတ်ပြီး အောက်ခြေကို ဆွေးနွေးစေတဲ့ Top-down Approach ပုံစံကိုလည်း ပူးတွဲကျင့်သုံးလာနိုင်ခဲ့တာကိုလည်း ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အခုသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းဟာ Top- down Approach နဲ့ Bottom-up တို့ကို အခါအားလျော်စွာ ပေါင်းစပ်တဲ့ Mix-model Approach လို့ခေါ်နိုင်ပါတယ်။ ဒါဟာ လိုအပ်ချက်အရ၊ ကျနော်တို့ တိုင်းပြည်ရဲ့လိုအပ်ချက်၊ ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လိုအပ်ချက်အရ လုပ်ဆောင်လာတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဒီလိုလုပ်ပေးနိုင်တဲ့ JICM ကိုလည်း အထူးကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ JICM မှာပါတဲ့ နိုင်ငံတော်အစိုးရဘက်မှ ပုဂ္ဂိုလ်ကြီးများကိုသော်လည်းကောင်း၊ PPST မှ ခေါင်းဆောင်ကြီးများကိုသော်လည်းကောင်း အထူး ကျေးဇူး တင်တဲ့အကြောင်း တင်ပြလိုပါတယ်။ ဒါတင်မကပါဘူး JICM မှ စီစဉ်ပေးလိုက်တဲ့အလုပ်အဖွဲ့များအနေနဲ့ လည်းပဲ ဒီကာလမှာ နေ့မအားညမအား ဆောင်ရွက်ပေးတဲ့အတွက်၊ ဒီနေ့အစည်းအဝေးကျင်းပတဲ့အထိ ဆောင်ရွက်ပေးတာကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောကြားလိုပါတယ်။
ဒီလိုနိုင်ငံရေးတစ်ဆို့မှုများကို ကျော်လွှားဖို့ ကြိုးစားပြီးဆောင်ရွက်နေတဲ့ JICM အစည်းအဝေးမှာ နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်များ မပါနိုင်သေးတဲ့အတွက် နားလည်ခွင့်လွှတ်ပေးကြပါလို့ အနူး အညွှတ် တောင်းပန်ချင်ပါတယ်။ ကျနော်တို့ ဆောင်ရွက်နေတဲ့ JICM အစည်းအဝေးအကြောင်းကို ဒီနေ့ အစည်းအဝေးမှာ ရှင်းလင်းတင်ပြဖို့ အစီအစဉ်လေးရှိနေတဲ့အတွက် လူကြီးမင်းတို့ နားလည်ခွင့်လွှတ်ပါလိမ့် မယ်လို့လည်း ကျနော် မျှော်လင့်မိပါတယ်။ ဒီနေ့အစည်းအဝေးမှာ (၈) ကြိမ်မြောက် JICM အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြခြင်း အပါအဝင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကိစ္စ၊ UPDJC လုပ်ငန်းလမ်းညွှန်၊ UPDJC အတွင်းရေးမှူးများရဲ့လုပ်ငန်းလမ်းညွှန်၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍ အလိုက် လုပ်ငန်းကော်မတီများရဲ့ လုပ်ငန်းလမ်းညွှန်နဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကိစ္စ ရပ်များကို ဆွေးနွေးသွားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးရမယ့် ခေါင်းစဉ် များ၊ အကြောင်းအရာများ Decision တခုချင်းကို စိတ်ရှည်သည်းခံစွာဖြင့်အပြု သဘောဆောင်ပြီး ဆွေးနွေးပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးရမယ့်အကြောင်းအရာများ ကို ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှသာ (၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက် နံပါတ် (၅) အတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်း ပထမ (၄) တာကာလအတွင်း ကျင်းပသွားနိုင်မှာ ဖြစ် ပါတယ်။ ဒါကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးဟာ ကျနော်တို့ရဲ့ ကြီးမားတဲ့ တာဝန် တရပ်ဖြစ်သလို ပြည်ထောင်စုဖွား တိုင်းရင်းသားပေါင်းစုံက မျှော်လင့်စောင့်စားနေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် အဓိကလုပ်ငန်းစဉ်ကြီးလည်း ဖြစ်တဲ့အတွက် လူကြီးမင်းများအားလုံး ဝိုင်းပြီး ကြိုးစားဆောင်ရွက်ပေးကြပါလို့ လေးစားစွာဖြင့် မေတ္တာရပ်ခံလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျနော် တင်ပြလိုတာက ကျနော်တို့တတွေဟာ ဒီအစည်းအဝေးမှာ သူ့အစုအဖွဲ့၊ ကိုယ့်အစုအဖွဲ့ဆိုပြီး ကိုယ့်လိုအင်ဆန္ဒ တခုတည်းကိုသာ ဦးတည်ချဉ်းကပ် ဆွေးနွေးခြင်းထက် ပြည်ထောင် စု တခုလုံးရဲ့ ပြဿနာကို အတူတကွ ဖြေရှင်းကြရမယ်၊ ငြိမ်းချမ်းရေးကို အတူတကွ ဖော်ဆောင်ကြရမယ် ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်နဲ့ အားလုံးချဉ်းကပ်ပြီးတော့ ဒီအစည်းအဝေးမှာ အပြု သဘောဆောင်ပြီး ဆွေးနွေးကြပါလို့ တိုက်တွန်းမေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။